ပုဂံသမိုင်း
ပုဂံ.....ဟုဆိုလိုက်သည်နှင့် မြန်မာလူမျိုးတို့၏ နှလုံးသားကို တစ်မျိုးတစ်မည်တော့ လှုတ်ခတ်သွားစေနိုင်သည်မှာ အမှန်ပင်။များပြားလွန်းလှသော ဘုရားစေတီပုထိုးများ...ဂုဏ်ရောင်ရှိန်ဝါ ထွန်းလင်းတောက်ပခဲ့သော မင်းမြတ်များ..တန်ဘိုးမဖြတ်နိုင်လွန်းသော လက်ရာမြောက်လှသည့် ရှေးဟောင်းအနုပညာလက်ရာများ..ဇာတိသွေး ဇာတိမာန်ကို တက်ကြွစေသည့် ရာဇဝင်များအပြင် မျက်ရည်ဝဲလောက်စေသည့် လွမ်းမောဖွယ်ရာ ချစ်ဇာတ်လမ်းများက ပြောမကုန်နိုင်လောက်သည်အထိ ပုဂံပြည်၏ရာဇဝင်၊ပုဂံပြည်၏ သမိုင်းကား ကြီးကျယ်မြင့်မြတ်လွန်းလှသည်။ထိုကဲ့သို့သော ပုဂံပြည်ကြီး၏ သမိုင်းကို အပြည့်အစုံဖော်ပြဘို့ဆိုသည်မှာ လွယ်ကူရိုးရှင်းသော အလုပ်တစ်ခုတော့မဟုတ်။သို့သော်လည်း
ကျွန်တော် ဖတ်မိသလောက်သောစာများ..သမိုင်းမှတ်တမ်းများ ကျမ်းကိုးများဖြင့် အတက်နိုင်ဆုံးတော့ ဖော်ပြပေးလိုက်ပါသည်။
ပုဂံ။
ရှေးဦးစွာ ပုဂံပြည်ကြီး၏ နာမည်သမိုင်းကိုလဲ သိထားသင့်သည့်အကြောင်းဖြစ်၍ ဖော်ပြပေးလိုက်ပါသည်။
(၁)ပေါက္ကံပြည်
========
ပုဂံကို ပထမဆုံး စတင်တည်ထောင်သော မင်းမှာသမုတိရာဇ်မင်းကြီးဖြစ်ပြီး ပေါက္ကံပြည်ဟု ခေါ်တွင်စေခဲ့သည်။
(၂)အရိမဒ္ဒနာ
=======
ငယ်ငယ်က အတန်းဖတ်စာထဲတွင်ဖတ်ဘူးခဲ့သောပြူစောထီးမင်းလက်ထပ်တွင်..ငှက်ကြီး၊ဝက်ကြီး.. စသည် ဘေးရန်တို့ကို နှိမ်နင်းအောင်မြင်ခဲ့၍ အရိမဒ္ဒနာ ပြည်ဟု ခေါ်တွင်စေခဲ့သည်။
(၃)သီရိပစ္စယာ
========
သေလည်ကြောင်မင်းး လက်ထက်မှ မြို့တော်ကို နေရာပြောင်းကာ သီရိ ပစ္စယာ ဟု သမုတ်ခဲ့ပြန်၏။
(၄)တမ္ဗဝတီ
========
သာရမွန် မင်းလက်ထက်၌ နေရာ ပြောင်းပြန်၍ တမ္ဗဝတီ နေပြည်တော် ဟု ခေါ်တွင်ခဲ့ပြန်သည်၊၊ထို့အပြင်ဆန်ရေ စပါး ရတနာသုံးပါး ပေါများကြွယ်ဝ စည်ကားပြည့်စုံသောကြောင့် ပုဏ္ဏဂါမ မည်လေ၏။
(၅)ပုဂံပြည်
========
အနော်ရထာ မင်း လက်ထက် တွင် ပုဏ္ဏဂါမ တွင်ရာမှ ဏ္ဏ အက္ခရာ ကျေကာ သဒ္ဒါနည်းအရ မ တလုံးကို ( သေးသေးတင် ) နိဂ္ဂဟိတ် ပြုကာ ပုဂံ မည်လေသည်ဟု လေ့လာဖတ်သားရသည်။
ပုဂံ သမိုင်း အကျဉ်း
၁။ ပထမ ပုဂံပြည်ကို သရေခေတ္တရာ ပျက်ပြီး သမုတိရာဇ်မင်းကညောင်ဦး ညောင်ဝန်း နဂါးကျစ် မြေခဲတွင်း အပါအဝင် ရွာပေါင်း (၁၉ )ရွာကို စုစည်းပြီး ခရစ်နှစ် ၁၀၇ ခုနှစ်တွင် ပေါက္ကံပြည် ဟု ခေါ်စေခဲ့၏။
၂။ ပထမပုဂံ၏ ၆ ဆက်မြောက် သေလည်ကြောင်မင်းသည် ခရဇ်နှစ် ၃၄၄ တွင် သီရိပစ္စယာ ဟူသော ဒုတိယ ပုဂံကို တည်ထောင်ခဲ့ပြန်သည်၊
၃။ ဒုတိယပုဂံ၏ ၅ ဆက်မြောက် သိုက်တိုင်မင်းသည် ခရဇ် ၅၁၆ ခုနှစ်တွင် တမ္ဗဝတီ ဟူသော တတိယ ပုဂံကို တည်ထောင်ခဲ့သည်၊
၄။ တတိယ ပုဂံပြီးနောက် ပျဉ်ပြားမင်းသည်ခရစ်နှစ် ၈၄၉ တွင် အနော်ရထာမင်း အပါအဝင် ပုဂံ၏ ၂၃ ဆက်မြောက် နောက်ဆုံး မင်းဆက်ဖြစ်သော စောမွန်နစ် အဆုံး လွမ်းမောဖွယ်အဖြစ်အပျက်များပြည့်နှက်နေရာ စတုတ္ထပုဂံ မြို့တော်ကို တည်ထောင်ခဲ့သည်၊ နောက်ဆုံးမင်းဆက်အပါအဝင် ပုဂံသမိုင်း၌ မင်းပေါင်း ၅၅ ဆက် ( ၅၇ )ဆက်တွင် အရောက်တွင် ပျက်စီးခဲ့သည် ဟု မှတ်သားရပေသည်။
တစ်ဖန် မတူကွဲပြားသော သမိုင်းတစ်ခုကိုလဲ
ဖတ်ရှူ့ရပြန်သည်။
ပုဂံဟူသော အမည်ကား
=============
ပုဂံ၏ ပါဠိအမည်ကား “အရိမဒ္ဒနပူရ” (ရန်မျိုးနှိမ်မြို့) ဟုခေါ်သော်လည်း တိုင်းရင်းသားအမည်ဖြင့်လည်း ခေါ်လျက် ယင်းတိုင်းရင်းသားအမည်ကို မွန်တို့က” ပေါကာမ်” သို့မဟုတ်” ပုကာမ်” သို့မဟုတ် “ဗုကာမ်”ဟု ရေးသားဖော်ပြလေ့ရှိပါသည်။ ကျန်စစ်သားနှင့် ဆက်စပ်၍ ပုဂံအမည်ကို ဦးစွာပထမ ခရစ်နှစ် ၁၀၉၃ တွင် ဖော်ပြပါရှိသည်ကို မှတ်သားရဖူးပါသည်။ မွန်များက ပုဂံနှင့် ပတ်ဝန်းကျင်ကို “တတ္တဒေသ” (ခမ်းခြောက်ရာ အရပ်) ဟု ခေါ်စမှတ်ပြု၏။ ဤအမည်အရ ပုဂံနှင့် အနီးအပါးတို့သည် ယခုခေတ်မှာကဲ့သို့ သို့ပင် ထိုစဉ်ကလည်း သဲကန္တာရတစ်ပိုင်းဖြစ်သော ဆူးပင်ငယ်တို့ ပေါက်ရောက်ဒေသသာလျှင် ဖြစ်ရချေသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ယင်း မိုးခေါင်ရေရှားရပ်ဝန်းသည် တစ်ခါက စိုစိုပြည်ပြည်ရှိ၍ ၁၁ ရာစု၊ ၁၂ ရာစုနှစ် များသို့ ရောက်ကာမှ ဂူကျောင်းဘုရား တည်သူများ ပေါ်ထွန်းလျက် အုတ်လုပ်ရန် ထင်းများစွာလိုသဖြင့် တော တို့ကို ခုတ်ထွင်ရှင်းလင်းခြင်းကြောင့် စိုက်ပျိုး၍ ဖြစ်ထွန်းခဲသော သဲကန္တာရတစ်ပိုင်း ဖြစ်ရပါသည်ဟု ယူဆချက် သည် မည်သို့မျှ မှန်ကန်နိုင်ဖွယ် မရှိပါ။ ပုဂံမှ တရုတ်ပြည်သွား ခရစ်နှစ် ၁၂၇၃ ခု ငြိမ်းချမ်းရေးအဖွဲ့ခေါင်း ဆောင် ရှင်ဒိသာပါမောက်ကမူ ပုဂံပြည်ကို ဖော်ပြရာ၌ “တမ္ဗဒီပ” (ကြေးနိုင်ငံ) ဟူသော အခေါ်ကို သုံးပါသည်။ ပုဂံကား နောက်ဆုံး၌ မြန်မာလက်နက်နိုင်ငံ၏ အချက်အချာမဏ္ဍိုင်ဖြစ်၍ လာရပါသည်။ နယ်ချဲ့ခြင်းကား ၁၁ ရာစုနှစ်မှာ ဖြစ်ပါသည်။ဟု.....
(ဒေါက်တာသန်းထွန်း - ပုဂံခေတ် မြန်မာရာဇဝင်)
တွင်ဖော်ပြထားသည်။ပုဂံဟု အဘယ့်ကြောင့် ခေါ်ဝေါ်ပါသနည်း။ များသောအားဖြင့် “ပျူဂါမ” မှ “ပုဂါမ”၊ “ပုဂါမ်” မှ “ပုဂံ” ဖြစ်လာ သည်ဟု ဖော်ပြလေ့ရှိကြသည်။ ဤကဲ့သို့ ဖော်ပြခြင်းမှာလည်း မှန်နန်းရာဇဝင်ကြီး စသည်များတွင် သရေခေတ္တရာပြည် ပျက်ပြီးနောက် သရေခေတ္တရာမှ ပျူအစုတို့သည် တောင်ညိုအရပ်၊၎င်းနောက် ပန်းတောင်း သက်သာအရပ်၊ထိုမှ မင်းတုန်းအရပ်၊ တဖန် ယုန်လွှတ်ကျွန်းအရပ်သို့ အဆင့်ဆင့် ပြောင်းရွှေ့လာခဲ့ကြပြီး နောက် ထိုယုန်လွှတ်ကျွန်းအရပ် ရွာပေါင်း ၁၉ ရွာသားတို့နှင့် သမုဒ္ဒရာဇ်မင်းသည် အရိမဒ္ဒနာမည်သော ပုဂံပြည် ကို တည်လေသည်ဟု ပါရှိခြင်းများကို အထောက်အထားပြု၍ ဖော်ပြကြခြင်းပင် ဖြစ်ဟန်ရှိလေသည်။ တုရင်တောင်အရှေ့ ယုန်လွှတ်ကျွန်းဒေသတွင် လာရောက်တည်ထောင်သော ပျူအမျိုးစုတို့နှင့် ရွာ ၁၉ ရွာဟူ သော စကားပေါင်းစပ်၍ “ပျူဂါမ” ဟူသောအမည် ပေါ်ထွက်လာခြင်း ဖြစ်လေသည်။
ရှေးပုဂံခေတ် ကျောက်စာများတွင် “ပုကံ” ဟူ၍ ရေးသားပြီး ပုဂံဟူသော အရေးအသားမှာ အလွန်နည်းပါး သည်။ ပုဂံခေတ် ကျောက်စာများတွင်သာမက ပင်းယ၊ အင်းဝခေတ် ကျောက်စာများတွင်လည်း “ပုကံ” ဟူသော အရေးအသားမှာ များပြားပါသည်။
ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီး (၄၄၆-၄၇၅) ရေးထိုးခဲ့သော မွန်ဘာသာကျောက်စာများတွင် ပုဂံ၏အမည်ကို ပါဠိဘာသာတွင် “ပေါကာမ” ဟုလည်းကောင်း၊ မွန်ဘာသာတွင် “ပေါကာမ်” ဟုလည်းကောင်း ပါရှိသည်ကို အောက်ပါအတိုင်း တွေ့ရလေသည်။
ပြည်ရွှေဆံတော်မှ ကျန်စစ်သားအမိန့်တော် မွန်ကျောက်စာအငယ် ပထမစာမျက်နှာ စာကြောင်းရေ ၂၅ နှင့် ၂၆ တွင် - “ပေါကာမ္မ ဣမောအ် အရိမဒ္ဒနပူရ်”။ ထိုအနီးမှ ကျောက်စာကြီး ပထမမျက်နှာစာကြောင်းရေ ၂ နှင့် ၃ တွင် “ဍူင် ပေါကာမ္မ ဣမောအ် အရိမဒ္ဒနပူရ်”။ ၎င်းကျောက်စာကြီး ဒုတိယမျက်နှာ စာကြောင်းရေ ၁၄ နှင့် ၁၅ တွင်“ဍူင် ပေါကမ္မ ဣမောအ် အရိမဒ္ဒနပူရ်” ဤသို့ဖော်ပြရာတွင် “ဍူင် ပေါကာမ္မ ဣမောအ် အရိမဒ္ဒနပူရ်” (အရိမဒ္ဒနပူရ်မည်သော ပေါကာမ်မြို့) ဟူ၍ အဓိပ္ပာယ်ရရှိလေသည်။
ထိုကျောက်စာကြီး၏ ဒုတိယမျက်နှာ စာကြောင်းရေ ၂၀ တွင် ပါဠိဘာသာဂါထာများ၌ “အရိမဒ္ဒနသင်္ခါတေ၊ ပေါကာမေ နဂရုတ္တမေ” ဟူ၍ ပါရှိ၏။ အရိမဒ္ဒနဟု ဆိုအပ်သော မြတ်သော ပေါကာမမြို့၌…. ဟု အဓိပ္ပာယ် ရရှိ လေသည်။
ထို့ကြောင့် ကျန်စစ်မင်းကြီးလက်ထက်တွင် ပုဂံကို “ပေါကာမ = ပေါကာမ်” ဟုလည်းကောင်း၊ “အရိမဒ္ဒနပူရ်” ဟုလည်းကောင်း ခေါ်ဝေါ်ကြောင်း အသေအချာ သိရလေသည်။ ပေါကာမ်ဟူသော စကားမှ “ပုကံ” ဟုလည်း ကောင်း၊ ပုဂံဟုလည်းကောင်း ဖြစ်ပေါ်လာခဲ့သည်မှာကား ထင်ရှားပါသည်။ ပေါကာမ် = ပေါကမ်= ပေါကံ = ပုကံ = ပုဂံ …. ဤသို့ မှတ်သားသင့်လေသည်။
ပုဂံခေတ် ကျောက်စာပေါင်း များစွာတို့တွင်လည်းကောင်း၊နောက်ခေတ် ကျောက်စာများတွင်လည်းကောင်း “ပုကံ” ဟူ၍ နေရာအများအပြားတွင် ပါရှိရာ “ပေါကာမ်” သည် “ပုကံ” ကိုပင်ဆိုလို၍ မွန်တို့က “ပေါကာမ်” ဟု ခေါ်ဝေါ်ခြင်းဖြစ်သလောဟု ထင်မှတ်လိုက ထင်မှတ်နိုင်ပါသည်။ သို့သော် ထိုကျောက်စာတွင်ပင် ပါဠိစီကုံးရာ၌ “ပေါကာမ” ဟူ၍ စီကုံးသည်ကိုလည်း မှတ်သားဖွယ် ရှိလေသည်။
“ပုဂါမနဂရ”ဟူ၍ ကလျာဏီကျောက်စာတွင် ပါဠိစီသည်ကိုထောက်၍ ပုဂါမ = ပုဂါမ် = ပုဂံဟု အမည်ဖြစ်ပေါ် လာပုံကို ယူဆကြသူများ ရှေးကပင် များပြားခဲ့လေသည်။ ပုဂါမသည် ပျူဂါမမှ ဖြစ်လာခြင်းကိုလည်း ဆက်စပ် ဖော်ပြခဲ့လေသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ပုဂံခေတ်ကျောက်စာများတွင် “ပုကံ”ဟူသော အရေး အသားကို တသမတ်တည်းလိုလို ရေးသားခဲ့ကြခြင်းကိုလည်း ထည့်သွင်း၍ စဉ်းစားရမည် ဖြစ်လေသည်။ ထို့ ကြောင့် ပုဂံဟူသော အမည်အဓိပ္ပာယ်ကို သိရှိနိုင်ကြစေရန် ဆက်လက်ပြီး သုတေသနပြုရန် ရှိပေသေးသည်။
အခြားကိုးကားဖော်ပြကြသော အထောက်အထားများတွင် ပုဏ္ဏကာမဟူသော အမည်သည်လည်း ပါဝင်လေ သည်။ သက္ကရာဇ် ၅၆၅ ခုနှစ်တွင် ပေါင်လောင်ကဿပမထေရ် ရေးသားသည်ဟု အဆိုရှိသော “ဗောဓိဝင်ဋီ ကာ” ၌ပါသော နိဂုံးဂါထာ နှစ်ဂါထာတွင် ဖော်ပြထားချက်ဖြစ်၏။
သမ္ပုဏ္ဏဝတ္ထုကာမတ္တာ၊ ပုဏ္ဏကာမပုရန္တိစ
ဝိဿုတံ ယံပုရံ ရမ္မံ၊ ပုရာနံ ပရမံ ပုရံ။
သုရဝီရနရာနန္တု၊ အရိမဒ္ဒန သီလိနံ
နိဝါသနဌာနတ္တာယ၊ ရိမဒ္ဒနန္တိ ဝိဿုတံ။
အထက်ပါ နှစ်ဂါထာကို ဆရာကြီး ဦးဘေက အောက်ပါအတိုင်း ရှင်းလင်းဖော်ပြဖူးသည်။
ပြည်တကာတို့ထက် မြတ်သောပြည်ဖြစ်သော နှလုံးမွေ့လျော်ဖွယ်ရှိသော အကြင်ပြည်သည် ပြည့်စုံသော ဝတ္ထုကာမရှိသည်၏ အဖြစ်ကြောင့် ပုဏ္ဏာကာမပြည်ဟူ၍လည်း ထင်ရှားကျော်စော၏။
ထိုမှတစ်ပါး ရဲရင့်ခြင်း၊ လုံ့လရှိခြင်းတို့ကို ဆောင်ကုန်သော ရန်သူကို နှိမ်နင်းလေ့ရှိကြကုန်သောမင်းတို့၏ စံနေရာ နန်းတော်အိမ်တော်တို့၏ တည်နေရာဖြစ်သောကြောင့် အရိမဒ္ဒနဟူ၍လည်း ထင်ရှာကျော်စော၏။
(မည်သည့်ဝတ္ထုပစ္စည်းမဆို အလိုရှိလျှင် ပြည့်စုံသောကြောင့် ပုဏ္ဏကာမ ဟူသောအမည်ဖြင့် ကျော်စော ထင်ရှားသည် ဆိုလိုသည်။)
အထက်ပါ ဂါထာနှစ်ဂါထာကို သက္ကရာဇ် ၇၀၄ ခုတွင် ရေးထိုးသော ပင်းယ ဆင်ဖြူငါးစီးရှင်၏ မယ်တော်မိဖုရား ကြီး၏ ပုဂံကျောင်း ကျောက်စာတွင်လည်း ဖော်ပြထားသဖြင့် အလွန်မှတ်သားဖွယ်ရာ ကောင်းလေသည်။
ပုဏ္ဏာကာမဟူသော ပါဠိစကားနှင့် ကျန်စစ်မင်းကြီးကျောက်စာများတွင် ပါရှိသော ပေါကာမ = ပေါကာမ်ဟူ သော ပါဠိမွန်စကားနှင့်လည်း အသံတူနီးစပ်ခြင်း အနက်ဆီလျော်သလို ရှိပါသည်။ သုတေသီတို့ ဆက်လက် သုတေသနပြုကြရန် တင်ပြပါသည်ဟု.....
(ဦးဗိုကေ - ပုဂံသုတေသနလမ်ညွှန်)ရေးသားထားသည်ကို ဖော်ပြထားသော facebook စာမျက်နှာတစ်ခုမှ ပြန်လည်ကူးယူဖော်ပြလိုက်ပါသည်။
မည်သို့ပင်ဖြစ်စေကာမူ မတူကွဲပြားသော ငြင်းခုန်မူ့များသည် လူနဲစုသာဖြစ်သည့် သမိုင်းပညာရှင်များ၏အလုပ်သာဖြစ်ပြီး...မြန်မာနိုင်ငံသားအားလုံး၏ နှလုံးသားအတွင်းမှာတော့ တူညီနေတာတစ်ခုရှိသည်။
ထိုအရာသည် ခမ်းနားကြီးကျယ်မြင့်မြတ်သော ပုဂံ ဟု ခံယူထားကြခြင်းသာဖြစ်လေသည်။
Comments
Post a Comment